မန်ချက်စတာ ယူနိုက်တက် ရဲ့ ပစ်မှတ် ကစားသမားတွေထဲက ဘိုင်ယန်မြူးနစ် နောက်ခံလူ ဒီလစ် ဟာ ယူနိုက်တက်ထံ ပြောင်းလာဖို့ အတော် စိတ်အားထက်သန်နေပြီး အေးဂျင့်တွေအား ရအောင် ညှိပေးဖို့ အပြတ် ပြောထားကြောင်း သတင်းထောက် ရိုမန်နိုက ဖော်ထုတ်လာပါတယ်။
ဒီနွေမှာ ဘိုင်ယန်ကနေ ထွက်လာဖို့ သေချာသလောက် ဖြစ်နေတဲ့နောက် ဒီလစ်က သူ့ အေးဂျင့်တွေဟာ သရဲနီတွေ ချဉ်းကပ်မှု အပေါ် အဆင်ပြေအောင် ညှိနှိုင်းပေးဖို့ ညွှန်ကြားထားခဲ့တာပါ။
အသက် ၂၄ နှစ် အရွယ် နောက်ခံလူဟာ ဘိုင်ယန် အတွက်ရော ယူရို ၂၀၂၄ မှာ နယ်သာလန် အသင်း အတွက်ရော ပွဲထွက်ရသူ မဟုတ်တော့ပါဘူး။
ဒီလစ်ရဲ့ ဆန္ဒကတော့ ပုံမှန် ပွဲကစားခွင့် ရမယ့် အသင်းထံ ပြောင်းလိုနေပြီး အေဂျက်စ်က ဆရာဟောင်း တန်ဟက် ရှိရာ ယူနိုက်တက်ထံ ပြောင်းရွှေ့ဖို့ လိုလားနေပါတယ်။
ဒီနွေမှာ ဗာရန်းကို အလွတ်နဲ့ ထွက်ခွာခွင့် ပြုထားတဲ့ ယူနိုက်တက်ကလည်း နောက်ခံလူသစ် ခေါ်ယူဖို့ ရှာဖွေနေတာပါ။ အဲဗာတန် နောက်ခံလူ ဘရိတ်ဝိတ်ကို ဦးစားပေး ပစ်မှတ်ထားနေပေမယ့် အင်္ဂလန်သား အတွက် ပြောင်းရွှေ့ကြေး သဘောတူညီမှု မရ ဖြစ်နေတာကြောင့် အခြား ပစ်မှတ်တွေကိုလည်း စကားပြောနေပါတယ်။
အဲဒီ ပစ်မှတ် စာရင်းမှာ ဒီလစ် ပါဝင်နေပြီး ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း နည်းပြ တန်ဟက် ကိုယ်တိုင် ကစားသမားနဲ့ ပြောဆိုမှု ရှိထားကြောင်း သတင်းထောက် ရိုမန်နိုက ဖော်ထုတ်ထားပါတယ်။