လိုင်လီအသင်းဟာ ယိုရို အတွက် မန်ချက်စတာ ယူနိုက်တက် ရဲ့ ပေါင် ၄၂ သန်း ကမ်းလှမ်းမှုကို လက်ခံလိုက်ပေမယ့် ကစားသမားရဲ့ လက်ခံမှု မရသေးတာကြောင့် အပြောင်းအရွှေ့ ဖြစ်လာဖို့ တန့်နေပါတယ်။
ဆယ်ကျော်သက် ဗဟိုခံစစ်မှုးလေး လီနေး ယိုရို ကတော့ သူ့ကလပ်အသင်း လိုင်လီက လက်ခံစေချင်သည့်တိုင် မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းဖို့ တွန့်ဆုတ်နေပါတယ်။
ယူနိုက်တက် တာဝန်ရှိသူတွေဟာ ကစားသမားထံလည်း ပုဂ္ဂိုလ်ရေးပိုင်း အချက်အလက်တွေ အတွက် ကမ်းလှမ်းမှု တင်သွင်းထားကြောင်း သတင်းထောက် ရိုမန်နိုက ဖော်ထုတ်ထားပါတယ်။
ယိုရို ဘက်ကတော့ ယူနိုက်တက်ထံ သွားဖို့ထက် ရီးရဲလ်မက်ဒရစ်ထံ ပြောင်းရွှေ့ချင်နေတာပါ။ လာလီဂါ ထိပ်သီးကလပ်ကလည်း ယိုရို ကို စိတ်ဝင်စားနေပါတယ်။
ဒါပေမယ့် တကယ်တမ်း ကမ်းလှမ်းမှု ရောက်လာတာက မန်ချက်စတာ ယူနိုက်တက် ဖြစ်နေပြီး လိုင်လီ ဥက္ကဌကတော့ ယူနိုက်တက် ကမ်းလှမ်းမှုကို လက်ခံလိုက်ဖို့ ကစားသမား အား တိုက်တွန်းနေပါတယ်။
ယူနိုက်တက် ဘက်ကတော့ ကစားသမားကသာ အချိန်ယူ စဉ်းစားနေမယ် ဆိုရင် စောင့်ဆိုင်းနေဖို့ ဆန္ဒ မရှိပါဘူး။
ယိုရိုသာ ဆက်လက် တွေဝေနေမယ် ဆိုရင် ယူနိုက်တက်က ကမ်းလှမ်းမှုကို ပြန် ရုတ်သိမ်းကာ အခြား ပစ်မှတ် ကစားသမားတွေကို အာရုံစိုက် ကြိုးစားသွားဖို့ ရည်ရွယ်နေပါတယ်။