ဒုတိယဆု ငွေတံဆိပ်ကို ဘယ်လောက် ခါးသီးကြောင်း ပြသခဲ့ကြတဲ့ အင်္ဂလန် နည်းပြနဲ့ အသင်းသားများ

အင်္ဂလန် နည်းပြ ဂါရတ် ဆောက်ဂိတ်နဲ့ အင်္ဂလန် အသင်းသားတွေဟာ မနေ့ညက စပိန်ကို ရှုံးနိမ့်ပြီး ချန်ပီယံ ဆု လွဲချော်ခဲ့ရပြီးနောက် ဆုယူချိန်မှာ ဒုတိယဆု ငွေတံဆိပ်ကို ဘယ်လောက် ခါးသီးကြောင်း အသီးသီး ပြသခဲ့ကြပါတယ်။

ပွဲချိန် ၈၆ မိနစ်မှာ သွင်းခဲ့တဲ့ Oyarzabal ရဲ့ အနိုင်ဂိုးက အင်္ဂလန် တစ်သင်းလုံးကို အသည်းခွဲခဲ့တာ ဖြစ်ပြီး အင်္ဂလန် ကစားသမားတွေဟာ ပွဲချိန်ပြည့် ဝီစီမှုတ်ချိန်မှာ အရုပ်ကြိုးပျက် ကြေကွဲနေခဲ့ကြပါတယ်။

အင်္ဂလန် ကစားသမား တချို့ အတွက် ဒီရှုံးပွဲဟာ လက်မခံနိုင်လောက်အောင် ဖြစ်နေပုံရပြီး ဆုယူပြီးတာနဲ့ ချက်ချင်း ဆိုသလို ငွေတံဆိပ် ဆွဲပြားကို ဆွဲချွတ်၊ ဆွဲဖြုတ်ခဲ့ကြတာ တွေ့ရပါတယ်။

ပါလ်မာ၊ ဂျု့ဒ်ဘယ်လင်ဟမ်၊ ကိုဘေး မိုင်နူး၊ ဝေါ်ကာတို့ ငွေတံဆိပ်ကို ချက်ချင်း ဖယ်ခဲ့တာ တွေ့ရပြီး အင်္ဂလန် နည်းပြ ဆောက်ဂိတ် ပါ အလားတူ ပြုမူခဲ့တာပါ။

ယူရို ၂၀၂၄ ပြိုင်ပွဲကြီး ပြီးဆုံး သွားချိန်မှာ နည်းပြဆောက်ဂိတ် အင်္ဂလန်အသင်းမှာ ဆက်ရှိမှာလား မေးခွန်း ထုတ်စရာ ဖြစ်လာခဲ့ပါတယ်။ အသက် ၅၂ နှစ် အရွယ် နည်းပြဟာ ဒီပြိုင်ပွဲက သူ့အတွက် အင်္ဂလန်နဲ့ နောက်ဆုံး ပြိုင်ပွဲ ဖြစ်သွားနိုင်တယ် လို့ ဝန်ခံထားဖူးပါတယ်။