ကစားသမား နှစ်ဦး ထပ်ခေါ်ဖို့ လုပ်နေတဲ့ ချယ်ဆီးအသင်းရဲ့ ခြေလှမ်းတွေကို ရိုမန်နို ဖော်ထုတ်

ချယ်ဆီးအသင်းဟာ ဒီနွေ ဈေးကွက်ထဲမှာ တိုက်စစ်မှုး တစ်ဦး၊ ဂိုးသမား တစ်ဦး ခေါ်ယူဖို့ ပလန်ထားပြီး ဒီအတွက် ဆက်လက် လှုပ်ရှားနေကြောင်း အပြောင်းအရွှေ့ ဂုရု သတင်းထောက် ရိုမန်နိုက ဖော်ထုတ်လိုက်ပါတယ်။

ချယ်ဆီးဟာ တိုက်စစ်မှုးသစ် တစ်ဦး ခေါ်ယူဖို့ ရက်ပေါင်း ၅ဝ အချိန် ကျန်ရှိနေသေးပြီး ယခင် သတင်းထွက်ထားတဲ့ နာပိုလီ တိုက်စစ်မှုး အိုဆီမန်ကို စိတ်ဝင်စားမှုကတော့ အေးစက်သွားခဲ့ပါပြီ။ အိုဆီမန်ကလည်း ပီအက်စ်ဂျီ သွားဖို့ များနေပြီ ဖြစ်ပါတယ်။

တိုက်စစ်မှုးတွေထဲ လတ်တလော ချယ်ဆီး မျက်စိကျနေတာကတော့ အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှုး ဆာမူ အိုမိုရိုဒီယန် ဖြစ်ပြီး အသက် ၂ဝ အရွယ် နိုင်ဂျီယား-စပိန် သားဟာ ချယ်ဆီးအကြိုက် ပုံစံ ဖြစ်နေပါတယ်။

အိုမိုရိုဒီယန် က ပြီးခဲ့တဲ့ ရာသီ လာလီဂါကလပ် Deportivo Alavés မှာ အငှားသွားရောက် ကစားခဲ့ပြီး ၃၄ ပွဲ ကစား၊ ၈ ဂိုး သွင်းခဲ့ပါတယ်။

ဒါ့အပြင် ချယ်ဆီးအသင်းဟာ ဘောလုံး ဖြန့်ဝေမှု၊ ခံစစ်ကနေ ကစားကွက် တည်ဆောက်မှုနဲ့ ခြေထဲမှာ ဘောလုံးကို အကောင်းဆုံး ထိန်းနိုင်တဲ့ ဂိုးသမား တစ်ဦးကိုလည်း ခေါ်ယူချင်နေပါတယ်။

ဒီအတွက် ရီးရဲလ်မက်ဒရစ် အရန် ဂိုးသမား လူနင် ကို ချယ်ဆီး သဘောကျနေပေမယ့် တရားဝင် ချိတ်ဆက် ကမ်းလှမ်းမှုတော့ ချယ်ဆီးဘက်က မလုပ်သေးကြောင်း ရိုမန်နိုက ဆိုပါတယ်။

ချယ်ဆီး ဂိုးသမား ကီပါကိုလည်း ရီးရဲလ်မက်ဒရစ်က ခေါ်ယူချင်ဟန် ရှိပြီး ဒီအတွက် ညှိနှိုင်းမှုတွေတော့ မရှိသေးပါဘူး။