မန်ချက်စတာ ယူနိုက်တက်ဟာ မနေ့ညက ရာသီကြို ခြေစမ်းပွဲ ဒုတိယမြောက်ပွဲအဖြစ် စကော့တလန်ကလပ် ရိန်းဂျားအသင်းနဲ့ ယှဉ်ပြိုင် ကစားခဲ့ရာ ၂-ဝ နဲ့ အနိုင်ရခဲ့ပါတယ်။
ဒီပွဲမှာ ကစားသမားသစ် ယိုရိုအပြင် အာမတ်၊ ဆန်ချို၊ မေဆန်မောင့်တို့လည်း ပါဝင်ကစားခဲ့ကြကာ သူတို့အားလုံး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ အဖွင့်ဂိုးကို အာမတ်က လှလှပပ သွင်းယူခဲ့ကာ ဒုတိယဂိုးကို လူငယ်တိုက်စစ်သမား Joe Hugill က သွင်းပေးခဲ့ပါတယ်။
တန်ဟက်ကတော့ အဖွင့်ဂိုး သွင်းပေးခဲ့ပြီး အကောင်းဆုံး ကစားသမား အဖြစ် ခြေစွမ်းပြခဲ့တဲ့ အာမတ်ကို အသိအမှတ်ပြုလာခဲ့ကာ ဒီနှစ်ဟာ အာမတ်ရဲ့နှစ်ဖြစ်လာမယ်လို့ ဟောကိန်းထုတ်ခဲ့ပါတယ်။
တန်ဟက်က ” အာမတ်က လူငယ်တစ်ယောက် မဟုတ်တော့သလို အတွေ့အကြုံ မရှိတဲ့ ကစားသမားလည်း မဟုတ်တော့ဘူး။ မနှစ်ကရာသီတုန်းက ဒဏ်ရာ ပြဿနာတွေကြောင့် သူ ကံမကောင်းခဲ့ဘူး။
ချန်ပီယံရှစ်မှာ အငှားကစားခဲ့တယ်။ ရာသီကုန်မှာတော့ ပထမအသင်းနဲ့အတူ အခိုက်အတန့်ကောင်းတွေ ရှိခဲ့တယ်။ သူက ပွဲကောင်းတွေ ကစားခဲ့ပါတယ်။ အခု ဒီရာသီဟာ အာမတ်ရဲ့ ဘောလုံးရာသီဖြစ်ရမှာပါ။ သိပ်ကောင်းတဲ့ စတင်မှုကို သူလုပ်ထားနိုင်ပါတယ် ” လို့ ချီးကျူးခဲ့ပါတယ်။
ဒီပွဲမှာ ပြင်သစ်ကလပ် လိုင်လီအသင်းကနေ ကနဦး ယူရို ၆၂ သန်း ထပ်တိုးကြေး ယူရို ၈ သန်းတို့ဖြင့် ပြောင်းလာခဲ့တဲ့ ခံစစ်မှူး ယိုရိုရဲ့ ခြေစွမ်းက အထင်ကြီးစရာဖြစ်ခဲ့ပါတယ်။