ပင်နယ်တီမှာ ဆရာကြီးဂိုက် ဖမ်းနေတဲ့ အိုနာနာနဲ့ ယူနိုက်တက်ကို အနိုင်ယူပြီး ကွန်မြူနတီဒိုင်းရသွားတဲ့ မန်စီးတီး

ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးနဲ့ အက်ဖ်အေဖလား ချန်ပီယံ ယူနိုက်တက်တို့ ထိပ်တိုက်တွေ့တဲ့ ကွန်မြူနတီဒိုင်းပွဲမှာတော့ မန်စီးတီးက အနိုင်ရခဲ့ပြီဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ မန်စီးတီး လူစာရင်းက အားပျော့နေပြီး တိုက်စစ်မှာ ဟာလန်း၊ ဒိုကူ၊ ကွင်းလယ်မှာ ကိုဗာဆစ်တို့ ပါဝင်ကာ ဘော့၊ မက်အတီးတို့လို လူငယ်တွေကိုလည်း ထုတ်သုံးလာခဲ့တယ်။ ယူနိုက်တက် လူစာရင်းက စီနီယာတွေ ပိုစုံခဲ့ကာ အာမတ်နဲ့ မိုင်နူးတို့လည်း ဝင်ကစားခဲ့ပါတယ်။

ပထမပိုင်းမှာ မန်စီးတီးက ဘောလုံးကို ပိုကိုင်ကစားပေမယ့် ဖန်တီးနိုင်စွမ်းတွေမှာ နှစ်သင်းလုံး အခွင့်အရေးကောင်းတွေရခဲ့ပါတယ်။ ယူနိုက်တက်ရဲ့ အခွင့်အရေး တစ်ကြိမ်က ဂိုးရသင့်တဲ့ထိ ကောင်းခဲ့ပြီး အာမတ် ကိုယ်တိုင် အဆုံးမသတ်ခဲ့တာက နှမျောစရာဖြစ်ခဲ့ပါတယ်။

သွင်းဂိုးတွေကို ဒုတိယပိုင်းမှာ မြင်ခဲ့ရကာ ဖာနန်ဒက်စ်ရဲ့ သွင်းချက် အတော်ကောင်းပေမယ့် ပြေးလမ်းထွက်ချိန်မှာ လူကျွံနေခဲ့တယ်။ အဖွင့်ဂိုးကို ယူနိုက်တက်က သွင်းခဲ့ခြင်းဖြစ်ပြီး ညာတောင်ပံကနေ ဂနာချိုက အတွင်းကို ချိုးဝင်ကာ ဧရိယာထိပ်က ပိတ်သွင်းခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ ဦးဆောင်ခွင့်က သိပ်မကြာလှဘဲ အော်စကာ ဘော့ရဲ့ ဖန်တီးပေးမှုကနေ ဘာနာတိုက ခြေပဂိုး ရယူခဲ့တာဖြစ်ပါတယ်။ မိနစ် ၉၀ အတွင်း သရေကျခဲ့တဲ့ ဒီပွဲမှာ မန်စီးတီးက ကျော်ဖြတ်ပြေးတာတွေကို ယူနိုက်တက်တို့ ခွင့်ပြုရပေမယ့် တန်ဟက်တို့အသင်းက ဂိုးရသင့်တဲ့ အခွင့်အရေးတွေကို ရှာဖွေနိုင်ခဲ့ပါတယ်။

ပင်နယ်တီမှာတော့ မန်စီးတီးဘက်က အဖွင့်ဂိုးကန်တဲ့ ဘာနာဒို လွဲချော်ခဲ့ပြီး ယူနိုက်တက်ဘက်က ဆန်ချိုနဲ့ အီဗန်တို့ လွဲချော်ခဲ့တာကြောင့် နောက်ဆုံး ၃ နှစ်လုံး ကွန်မြူနတီဒိုင်း ရှုံးထားတဲ့ မန်စီးတီးတို့ ဒီတစ်ကြိမ် ဒါဘီပြိုင်ဘက်နဲ့တွေမှ ပြန်လည် အောင်နိုင်သွားခဲ့ပြီဖြစ်ပါတယ်။