ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေး စည်းမျဉ်း FFP ကို ချိုးဖောက်ထားတဲ့ မန်ချက်စတာ စီးတီးအသင်းရဲ့ ၁၁၅ မှုသော စွဲချက်တွေကို ကြားနာ စစ်ဆေးမယ့် ရက် ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။
ဒီအမှုတွေဟာ ပြတ်သားရှင်းလင်းတဲ့ အနေအထား သတင်းထုတ်ပြန်ခြင်း မရှိဘဲ အချိန်ဆွဲ ရှည်ကြာနေတာ အတော်ကြာပြီ ဖြစ်ပါတယ်။
အခုတော့ အမှုတွေကို စက်တင်ဘာ လလယ်နဲ့ လနှောင်းပိုင်းမှာ စတင် စစ်ဆေးကြားနာမယ်လို့ Date ထွက်နေပြီ ဖြစ်ကြောင်း The Times သတင်းဌာနက ဖော်ထုတ်လာပါတယ်။
အမှုကြားနာမယ့် ရက်စွဲဟာ ယခင် ရည်ရွယ်ထားတာထက် ရှေ့တိုးလာတာ ဖြစ်ပြီး မန်စီးတီးဘက်ကနေ ပရီးမီးယားလိဂ်ကို ပြန် တရားစွဲထားတဲ့ ကိစ္စကြောင့်လည်း ပါဝင်တယ်လို့ သိရပါတယ်။
ဘဏ္ဍာရေးစည်းမျဉ်းနဲ့ ငြိနေတဲ့ မန်ချက်စတာ စီးတီးအသင်းရဲ့ ၁၁၅ မှုက အောက်ပါအတိုင်း ဖြစ်ပါတယ်။
၅၄ မှု – တိကျရှင်းလင်းပြီး up-to-date ဖြစ်တဲ့ ဘဏ္ဍာရေး အချက်အလက်များ မတင်သွင်းနိုင်မှု (၂၀၀၉-၁ဝ မှ စလို့ မန်စီးတီး ချန်ပီယံ ဖြစ်ခဲ့တဲ့ ၂၀၁၇-၁၈ ထိ အပါအဝင်)။
၁၄ မှု – ကစားသမားတွေနဲ့ မန်နေဂျာတွေ အတွက် လျော်ကြေး ပေးချေမှု အပေါ် တိကျ ရှင်းလင်းတဲ့ ဘဏ္ဍာရေး စာရင်းရှင်းတမ်းများ မတင်သွင်းနိုင်မှု (၂၀၀၉-၁ဝ မှ စလို့ မန်စီးတီး ချန်ပီယံ ဖြစ်ခဲ့တဲ့ ၂၀၁၇-၁၈ ထိ အပါအဝင်)။
၅ မှု – UEFA စည်းမျဉ်းများ၊ UEFA ကလပ်လိုင်စင်နဲ့ FFP စည်းမျဉ်းများ လိုက်နာရန် ပျက်ကွက်မှု။
၇ မှု – ပရီးမီးယားလိဂ်ရဲ့ စဉ်ဆက်မပြတ် အကျိုးမြတ် ထိန်းသိမ်းတဲ့ PSR စည်းမျဉ်း ချိုးဖောက်မှု။ (၂၀၁၅-၁၆ မှ စလို့ မန်စီးတီး ချန်ပီယံ ဖြစ်ခဲ့တဲ့ ၂၀၁၇-၁၈ ထိ အပါအဝင်)။
၃၅ မှု – ပရီးမီးယားလိဂ်ရဲ့ စစ်ဆေးမှုကို ပူးပေါင်းလိုက်နာရန် ပျက်ကွက်မှု (၂၀၁၈ ဒီဇင်ဘာမှ လက်ရှိ အချိန်ထိ)။
အထက်ပါ ပြစ်မှုတွေသာ ထင်ရှားရင် မန်ချက်စတာ စီးတီးအသင်းဟာ ပြင်းထန်တဲ့ အပြစ်ပေးမှုတွေ ရင်ဆိုင်ရဖို့ ရှိနေပြီး စီးတီးဘက်ကတော့ သူတို့ အမှား မလုပ်ကြောင်း တစိုက်မတ်မတ် ငြင်းပယ်ထားခဲ့တာပါ။