အကြမ်းစား လုပ်ကွက်ကြောင့် ဆလော့ကို ပေါ့သေးသေးတော့ မမှတ်ကြနဲ့ဟ.. လို့ သတိပေးနေတဲ့ ဂယ်ရီန​ဗီး

အာနယ် ဆလော့ဟာ ရက်စက်ပြီး လက်တွေ့ကျသူတစ်ဦးဖြစ်ကြောင်း သူ့ကိုယ်သူ သက်သေပြခဲ့တယ်လို့ စကိုင်းစပေါ့ကနေ ဂယ်ရီနဗီးက သုံးသပ်လိုက်ပါတယ်။

အဆိုပါပွဲ ပထမပိုင်းမှာ လီဗာပူးဟာ သာမာန်ခြေစွမ်းလောက် ရှိခဲ့ပေမယ့် ဒုတိယပိုင်းအစမှာ ကွမ်းဆက်နေရာ ကိုနတေး ထည့်ကစားပြီး ကစားကွက် အခင်းအကျင်း ပြောင်းခဲ့ရာက စွမ်းဆောင်ရည် ထိုးတက်ခဲ့တာပါ။

ထိပ်တန်းအသင်းတွေကို ရင်ဆိုင်ပြီဆိုရင် ရတဲ့အခွင့်အရေးကို အသုံးချတတ်ဖို့ လိုကြောင်း ဂယ်ရီနဗီးက သတိပေးပါတယ်။ ” အစ်ဝစ်ချ်အသင်းက လီဗာပူးကို ၁ နာရီလောက် ယှဉ်ကစားနိုင်ခဲ့သလို အခွင့်အရေးကောင်း ၂ ကြိမ်လောက်ရပါတယ်။

ထိပ်တန်းအသင်းတွေကို ရင်ဆိုင်ရာမှာ ဒီအခွင့်အရေးတွေ အသုံးချဖို့ လိုပါတယ်။ အဲ့နောက်တော့ လီဗာပူးက အရည်အချင်း ပြန်ပြသွားပါတယ်။ ဒုတိယပိုင်းမှာ လီဗာပူးက ပိုကောင်းသွားပါတယ်။ ” လို့ သူက ပြောပါတယ်။

ကစားပုံမကောင်းတာ မြောလိုက်မနေဘဲ အပြောင်းအလဲ ခပ်မြန်မြန်လုပ်ခဲ့သလို ပွဲအပြီးမှာလည်း ဒဏ်ရာကြောင့် လူလဲခြင်း မဟုတ်ဘဲ ကစားပုံ မကောင်းလို့ အပြောင်းအလဲ လုပ်တာလို့ လီဗာပူးနည်းပြ ဝန်ခံခြင်းကို နဗီးက ဖြုံသွားပုံရပါတယ်။

” အာနယ် ဆလော့က ကွမ်းဆက်ကို ရက်စက်ခဲ့တယ် ထင်ပါတယ်။ ဒီလိုမျိုး ဒုတိယပိုင်း အစမှာတင် လူစားလဲတာမျိုးဟာ မန်နေဂျာတိုင်း လုပ်လေ့ရှိတဲ့ ကိစ္စ မဟုတ်ပါဘူး။ သူကတော့ အပြောင်းအလဲ လုပ်ရဲသလို ဘာလို့ လုပ်ရတယ် ပြောဖို့လည်း တွန့်ဆုတ်မနေဘူး။

အာနယ် ဆလော့က ရက်စက်တတ်ပြီး လက်တွေ့ကျတဲ့ပုံစံပါပဲ။ ပွဲထဲမှာ လိုအပ်မယ်လို့ သူမြင်တဲ့ ကိစ္စကို သူလုပ်သွားတယ်။ သူ့ရဲ့ လုပ်ဆောင်ချက်ကလည်း အလုပ်ဖြစ်ခဲ့ပြီး လီဗာပူး ပိုကောင်းသွားသလို အနိုင်ရခဲ့ပါတယ် ” လို့ နဗီးက ဆက်ပြောခဲ့တာ ဖြစ်ပါတယ်။