ဒီနွေမှာ ခြေလှမ်းတွေ သွက်နေတဲ့ ချယ်ဆီးအသင်းရဲ့ ကစားသမား ခေါ်ယူမှုတွေက ရပ်တန့်ခြင်း မရှိသေးဘဲ ပရီးမီးယားလိဂ် အပြောင်းအရွှေ့ ဈေးကွက်ပိတ်မယ့် ဩဂုတ်လ ၃၀ ရက် မတိုင်ခင် ပြိုင်ဘက် ယူနိုက်တက် ထံမှ ကစားသမား တစ်ဦး ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။
The Athletic သတင်းဌာန အဆို အရ ချယ်ဆီးအသင်းဟာ မန်ချက်စတာ ယူနိုက်တက်တို့ ဒီနွေမှာ ရှင်းထုတ်လိုနေတဲ့ တိုက်စစ်သမား ဂျေဒန် ဆန်ချိုကို ဝင်ရောက် ကမ်းလှမ်းဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။
ဆန်ချိုအတွက် ယူနိုက်တက်က ပေါင် သန်း ၄၀ ဈေးသတ်မှတ်ထားပြီး အဆိုပါ ပြောင်းရွှေ့ကြေးဟာ ချယ်ဆီးအတွက် ပြဿနာ မဟုတ်ပါဘူး။ ဒါပေမယ့် ကစားသမားကို တစ်ပတ် လုပ်ခ ပေါင် ၂၅၀၀၀၀ ထိပေးဖို့တော့ လန်ဒန်ကလပ်က လိုလားခြင်း မရှိပါဘူး။
ချယ်ဆီး အသင်း တာဝန်ရှိသူတွေကတော့ နည်းပြသစ် မာရက်စ်ကာကို အကူအညီပေးရေး လူသစ် အင်အားဖြည့်မှုတွေကို ရပ်တန့်လိုစိတ် မရှိသေးပါဘူး။
ဈေးကွက်မပိတ်ခင် ချယ်ဆီး လူစာရင်း ၄၃ ဦး (အငှားချထားတဲ့ ကစားသမားတွေအပါ လူစာရင်း ၅၀) ရှိနေပေမယ့် ဈေးကွက် နောက်ဆုံးရက်မှာ လူသစ် ၂ ဦးလောက် ထပ်ခေါ်ဖို့ ပြင်ဆင်ထားတာလို့ The Athletic က ဖော်ထုတ်လာခဲ့တယ်။
ယူနိုက်တက် ဘက်ကလည်း ဆန်ချိုအတွက် ချယ်ဆီးဘက်က ချိတ်ဆက်လာမှာကို လက်ခံသွားမယ့် အရိပ်အယောင်တွေ ပြသထားပြီး အင်္ဂလန်သားဟာ ဖူလ်ဟမ်ကို အနိုင်ရတဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ ပွဲနေ့လူစာရင်းကနေ ဖယ်ထုတ်ခံထားရတာ ဖြစ်ပါတယ်။