မန်စီးတီး အသင်းဟာ ဒီနွေမှာ အက်သလက်တီကိုထံ ရောင်းချလိုက်တဲ့ တိုက်စစ်မှုး ဂျူလီယန် အဲဗာရက်စ်နေရာ အစားထိုးဖို့ စကော့တစ် ပရီးမီးယားလိဂ်မှ ကြယ်ပွင့် ကစားသမား တစ်ဦး ကို ပစ်မှတ်ထား ချိန်ရွယ်လာပါတယ်။
အသက် ၂၄ နှစ်အရွယ် တိုက်စစ်သမား အဲဗာရက်စ်ဟာ မန်စီးတီးမှာ ၂ နှစ်ခွဲအတွင်း ဆုဖလား ၆ ခုထိ အောင်မြင်ပြီးနောက် ဒီနွေမှာပဲ အက်သလက်တီကို မက်ဒရစ်ထံ ပေါင် ၈၁ သန်းဖြင့် ပြောင်းရွှေ့ခဲ့ပြီဖြစ်ပါတယ်။
စီးတီး ရောင်းချခဲ့တဲ့ ဂျူလီယန် အဲဗာရက်စ် ဟာ ဟာလန်းနောက် အရန် တိုက်စစ်မှုး ဖြစ်ပေမယ့် သွင်းဂိုးတွေ အတွက် အားထား စိတ်ချရသူပါ။ ဒါကြောင့် ၎င်း နေရာအတွက် စီးတီးက ကစားသမားကောင်း တစ်ဦး ပြန်ခေါ်ဖို့ ပြင်ဆင်နေပါတယ်။
လက်ရှိ ချန်ပီယံတွေဟာ အဲဗာရက်စ်နေရာ အတွက် တိုက်စစ်သမား ၂ ဦးကို ဆန်ကာတင် ရွေးချယ်ထားကာ အဲ့ဒီထဲက တစ်ဦးက စကော့တလန်လိဂ်မှ တိုက်စစ်သမားဖြစ်ပါတယ်။
The Athletic ရဲ့ ဖော်ပြချက်အရ မန်စီးတီးဟာ ဆဲလ်တစ်အသင်းမှ ရိုဂို ဖူယူဟာရှီနဲ့ လူငယ်တိုက်စစ်သမား တစ်ဦးကို မျက်စိကျနေတယ်။ အဲ့နှစ်ဦးထဲမှာ အသက် ၂၉ နှစ်အရွယ် ရိုဂိုကို ခေါ်ယူဖို့ ပိုနီးစပ်နေတယ်လို့ ဆိုပါတယ်။
ရိုဂိုဟာ ၂၀၂၁ ကမှ ဆဲလ်တစ်ကို ပေါင် ၄.၅ သန်းဖြင့် ပြောင်းခဲ့သူဖြစ်ကာ ၁၅၃ ပွဲအတွင်း ၇၃ ဂိုးထိ သွင်းယူထားသူပါ။ အဓိက ပြဿနာက သူဟာ ပုခုံးဒဏ်ရာ ခွဲစိတ်ထားတာမို့ ကာလရှည် နားရမယ့်သူဖြစ်ပါတယ်။
ဒဏ်ရာကနေ ၄ လဝန်းကျင် နားနေရတဲ့ ရိုဂိုကို ချိန်ရွယ်ခြင်းဟာ အဲဗာရက်စ်နေရာ ရေတိုဖြေရှင်းဖို့ ဖြစ်နိုင်ပြီး အနာဂတ်မှာတော့ ထိပ်တန်း တိုက်စစ်သမား တစ်ဦးကို ဈေးကွက်ကနေ မန်စီးတီးတို့ ခေါ်ယူသွားဖွယ် ရှိနေပါတယ်။