အခက်ဆုံး ချန်ပီယံလုပွဲကို ဒီရာသီမှာ မြင်ရမယ် လို့ မိုက်ကယ်အိုဝင် ဟောကိန်းထုတ်ပြီး အဓိက ပြိုင်ကြမယ့် ၃ သင်းကို ရွေးထုတ်

၂၀၂၄-၂၅ ဘောလုံးရာသီ စတင်ချိန်မှာ အာဆင်နယ်၊ မန်ချက်စတာစီးတီးနဲ့ လီဗာပူး အသင်းတို့ဟာ ဦးဆုံး နှစ်ပွဲလုံး အနိုင်ရရှိပြီး အမှတ်ပြည့် ယူထားပါတယ်။

လက်ရှိ အမှတ်ပေးဇယား ကို ဘရိုက်တန်က ဦးဆောင်ထားပေမယ့် ချန်ပီယံ ဖြစ်ဖို့ ဒီ ၃ သင်းက အဓိက ပြိုင်ဆိုင်လာဖွယ် ရှိနေတာပါ။

ပြီးခဲ့တဲ့ ရာသီက အာဆင်နယ်ဟာ စီးတီးနဲ့ နှစ်မှတ် အကွာမျှနဲ့ ဒုတိယ နေရာမှာ ကျန်ခဲ့ရသလို ဒီရာသီမှာလည်း ပိုကြီး ခက်ခဲတဲ့ ပြိုင်ဆိုင်မှု၊ ကျဉ်းမြောင်းတဲ့ ရမှတ် ကွာဟမှုတွေ မြင်ရမယ် လို့ မိုက်ကယ်အိုဝင်က ယူဆထားပါတယ်။

” ဒီအသင်းတွေက ရမှတ် ၉ဝ ကျော်တွေ ထိ ရအောင် ယူဖို့ ကြိုးစားကြမှာပါ။ ဒါပေမယ့် အမှတ် ကွာဟချက် နည်းနည်းလေးကပဲ ခြားနားသွားစေလိမ့်မယ်။ ဒီတော့ လုံးဝကို ခြေချော်လို့ မရဘူး။

ဘောလုံးရာသီ အစပိုင်းမှာတည်းက တစ်ပွဲမှကို ရှုံးလို့ မရတော့ဘူးလို့ ကျွန်တော် ထင်တယ်။ အမှားအယွင်း မရှိသလောက်ထိ ပြည့်စုံနေမှ ရမယ်။ ပြိုင်ဘက် တစ်သင်းသင်းကို ဘယ်လိုမှ ကျော်ဖြတ်ခွင့် ပေးလို့ မရဘူး။

လီဗာပူး၊ အာဆင်နယ်နဲ့ မန်စီးတီး တို့က အခုထိ အတူတူ ကောင်းမွန်စွာ စတင်ထားတယ်။ သူတို့က ပွဲထဲမှာ ထိပ်တန်း အနေအထား ရှိနေခဲ့ကြတယ်။

ဒီရာသီကတော့ ကာလအတော်ကြာ အတွင်းမှာ အခက်ခဲဆုံး ချန်ပီယံ လုပွဲ ကို မြင်ရတော့မယ် ထင်ပါတယ်။ ” လို့ ပရီးမီးယားလိဂ် တိုက်စစ်မှုးဟောင်းကြီး မိုက်ကယ် အိုဝင်က သုံးသပ် သွားခဲ့ပါတယ်။