ကွင်းထဲမှာသာ သွေးအေးပေမယ့် ကွင်းပြင်ပမှာ စိတ်ထားကောင်း၊ ဝန်ထမ်းတွေအပေါ် ကြည့်ပေးတတ်တဲ့ ပက် ဂွာဒီယိုလာ

မန်ချက်စတာ စီးတီး အသင်း နည်းပြ ပက် ဂွာဒီယိုလာဟာ ဆုဖလား အောင်မြင်ရေးအတွက် ကွင်းအတွင်းမှာ ခံစားချက်ကင်းပြီး သွေးအေးတဲ့ ဆုံးဖြတ်ချက်တွေ ပြုလုပ်တတ်ပေမယ့် ကွင်းပြင်ပမှာတော့ စိတ်ထားကောင်းတဲ့ နည်းပြတစ်ဦးပဲ ဖြစ်ပါတယ်။

စပိန်သား နည်းပြကြီး ဟာ သူ့ရဲ့ အလုပ် လက်တွဲဖော်တွေကို အမြဲတမ်း နွေးထွေးတတ်သူဖြစ်သလို ဂရုစိုက်ပေးတတ်သူ ဖြစ်ပါတယ်။

” ဒီနှစ်တွေအတွင်း ဆုဖလား အောင်မြင်တာဟာ အသင်းသားတွေ၊ ကလပ်၊ ဝန်ထမ်းတွေနဲ့ နည်းပြအဖွဲ့ဝင်တွေ အတူတကွ ကြိုးစားကြတာကြောင့်ပါ ” လို့ ဂွာဒီယိုလာက ၄ ရာသီဆက် ချန်ပီယံဖြစ်ချိန်မှာ ထုတ်ပြောခဲ့ပါတယ်။

နည်းပြ ပက် ဂွာဒီယိုလာဟာ သူ့ရဲ့ ကျေးဇူးတင်မှုကို ပါးစပ်နဲ့ပဲ ပြောတတ်သူမျိုး မဟုတ်ပါဘူး။

The Times ရဲ့ ဖော်ပြချက်အရ ချန်ပီယံဖြစ်ပြီးတဲ့နောက်မှာ ဂွာဒီယိုလာဟာ စားဖိုမှုတွေ၊ ဧည့်ကြိုတွေ၊ မြက်ခင်းထိန်းသိမ်းသူတွေ၊ လုံခြုံရေး ဝန်ထမ်းတွေ ပါတဲ့ မန်စီးတီးဝန်ထမ်းပေါင်း ၇၀ နီးပါးကို တစ်ဦးလျှင် ပေါင် တစ်သောင်း နှုန်း ဘောနပ်စ်တွေ ပေးခဲ့တယ်လို့ သိရပါတယ်။

ဒီရာသီဟာ မန်စီးတီးမှာ ဂွာဒီယိုလာရဲ့ နောက်ဆုံး ဘောလုံးရာသီ ဖြစ်သွားနိုင်ချေ ရှိနေသေးတာကြောင့် အသင်းဝန်ထမ်းတွေက စပိန်သားအတွက် အားထုတ်ပေးကြမှာ သေချာလှပါတယ်။