ဂိုးသမားသစ် ရလိုက်ခြင်း၊ ရာဟင်း စတားလင်း၊ ဂေါ်ဒန်တို့နဲ့ အာဆင်နယ်ရဲ့ ဈေးကွက်ပိတ်ခါနီး လှုပ်ရှားမှုများ

ဒီနေ့ သြဂုတ်လ ၃ဝ ရက်၊ သောကြာနေ့ ည အင်္ဂလန် အချိန် ၁၁ နာရီမှာ အပြောင်းအရွှေ့ ဈေးကွက် ပိတ်သိမ်းတော့မှာ ဖြစ်ပါတယ်။ ဈေးကွက်ပိတ်ခါနီးမှာ အာဆင်နယ်ရဲ့ ခြေလှမ်း ခပ်စိပ်စိပ်ကိုလည်း မြင်တွေ့လာရပါတယ်။

ရာဟင်း စတာလင်

ချယ်ဆီးက ထွက်ခွာဖို့ ပြင်နေတဲ့ အင်္ဂလန်သား တိုက်စစ်သမား ရာဟင်း စတားလင်းဟာ ဈေးကွက် ပိတ်ရက် မတိုင်ခင် တစ်ရက်ကမှ အာဆင်နယ်နဲ့ သတင်းကြီးလာပါတယ်။

အာဆင်နယ် နည်းပြ အာတီတာက စတားလင်းနဲ့ ရင်းနှီးပြီး အင်္ဂလန်သာခြေစွမ်းကို သဘောကျသလို ကစားသမားကလည်း အာဆင်နယ်ရဲ့ အစဉ်အလာနဲ့ ဆုဖလား အောင်မြင်မှု မှတ်တမ်းတွေကို အထင်ကြီးထားသူပါ။

အပြောင်းအရွှေ့ အတွက် အတားအဆီး တစ်ခုက စတားလင်း လစာ ဖြစ်ပြီး လက်ရှိ ပေါင် ၃သိန်း ၂ သောင်း ရနေတဲ့ စတားလင်းကို အာဆင်နယ်က တပတ် ပေါင် ၁သိန်းခွဲထက် ပိုမပေးနိုင်ပါဘူး။ ဒါပေမယ့် ကစားသမားကတော့ လုပ်ခ လစာ ညှိပြီး လျှော့ယူဖို့ ဆန္ဒ ရှိနေတယ် လို့ သိရပါတယ်။

နက်တို

အာဆင်နယ်က ရမ်စ်ဒယ်ကို လက်လွှတ်လိုက်ရပြီ ဖြစ်တာကြောင့် အစားထိုးဖို့ အရန် ဂိုးသမား အဖြစ် ဘုန်းမောက်မှ ဂိုးသမား နက်တိုကို တစ်ရာသီ အငှားနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရသွားပြီ ဖြစ်ပါတယ်။

အာဆင်နယ်က အက်စ်ပန်ညို ဂိုးသမား ဂါဒီယာကို ခေါ်ဖို့ ကမ်းလှမ်းမှု တင်သွင်းခဲ့သေးပေမယ့် အဆုံးမှာ ဘုန်းမောက် ဂိုးသမားကို အငှားနဲ့ ခေါ်ဖို့ ရွေးချယ်ခဲ့တာပါ။

အန်တိုနီ ဂေါ်ဒန်

နယူးကာဆယ် တိုက်စစ်သမား ဂေါ်ဒန် ကို ခေါ်ယူဖို့ အာဆင်နယ်က စိတ်ဝင်စားခဲ့ပေမယ့် ကစားသမားက ကာဆယ်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ကာ စာချုပ်သစ် အတွက်ပါ ဆွေးနွေးခဲ့ပါတယ်။

ဒါကြောင့် ဒီဈေးကွက် ပိတ်ရက်မှာတော့ ဂန်းနားတို့က ကမ်းလှမ်းမှု တင်သွင်းတော့မှာ မဟုတ်ဘဲ နောက်နှစ် နွေမှသာ ဂေါ်ဒန်ကို ထပ်မံ ကြိုးစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။