ချယ်ဆီးအသင်းရဲ့ ငယ်ရွယ်တဲ့ လူစာရင်းက နည်းပြ အန်ဇို မာရက်စ်ကာရဲ့ လက်အောက်မှာ ဖြစ်သင့်သလောက် မဖြစ်ဘဲ ရုန်းကန်ရမှာကို ချယ်ဆီး ဂန္တဝင်ကြီး ဖရန့် လမ်းပတ်က စိုးရိမ်နေပါတယ်။
ချယ်ဆီးက ပြီးခဲ့တဲ့ အပတ် ဝုဗ်ကို ၆-ဝ နဲ့ ဂိုးပြတ် အနိုင်ယူလိုက်ပေမယ့် ကြားရက်မှာတော့ ယူရိုပါ ကွန်းဖရင့်လိဂ်မှာ Servette ကို ၂-၁ နဲ့ အရေးနိမ့်ခဲ့ပြန်ပါတယ်။ အဲဒီနောက် မတည်ငြိမ်တဲ့ ချယ်ဆီးအသင်းဟာ မနေ့ညက ခရစ္စတယ်ပဲလေ့စ်ကို စတန်းဖို့ဘရစ်ချ်မှာ ဧည့်ခံ ခဲ့ရာ ၁-၁ နဲ့ သရေကျသွားခဲ့ပါတယ်။
နည်းပြအသစ်နဲ့ အတူ ချယ်ဆီးအသင်းမှာ ကစားသမားသစ်တွေလည်း အများကြီး ရှိနေပြီး လမ်းပတ်ကတော့ လူငယ်တွေ များနေတာကြောင့် အသင်း ခြေစွမ်းကို တည်ငြိမ်အောင် ထိန်းမထားနိုင်မှာ စိုးရိမ်ရကြောင်း သတိပေးလိုက်ပါတယ်။
” စွမ်းဆောင်ရည်က မတည်ငြိမ်မှု ရှိနေမှာပဲ။ လူငယ် ကစားသမားတွေက ဒါကို ဖြစ်စေမှာ။ ပွဲတပွဲထဲမှာတင် ချယ်ဆီးက လုံးဝ ထိပ်တန်း ရောက်နေတဲ့ အခါ ရှိသလို၊ လုံလောက်တဲ့ ထက်မြက်မှုတွေ မရှိတဲ့ အခါ၊ ပွဲထဲမှာ ယိမ်းယိုင်သွားတဲ့ အခါတွေကိုလည်း တွေ့ရလိမ့်မယ်။
ဒီအသင်းမှာ လုံလောက်တဲ့ ဝါရင့် အတွေ့အကြုံတွေက အသင်း ကျောရိုးထဲမှာ ရှိပါ့မလား တွေးပူစရာပါပဲ။ ဒါပေမယ့် အချိန်ယူ၊ စိတ်တော့ ရှည်ပေးရလိမ့်မယ်။ ဒီအသင်းမှာ ထူးချွန်သူတွေ အများကြီး ရှိနေပါတယ်။ ” လို့ လမ်းပတ်က သတိပေးခဲ့ပါတယ်။
ဒါပေမယ့် နည်းပြ မာရက်စ်ကာ လက်အောက်မှာ ချယ်ဆီး သွားနေတဲ့ လမ်းကြောင်းက မှန်ကန်တယ်လို့ လမ်းပတ် က အကောင်းမြင်ထားပါတယ်။
စက်တင်ဘာလထဲမှာ နိုင်ငံတကာ သီတင်းထဲဝင်ရောက်သွားပြီ ဖြစ်လို့ နိုင်ငံပွဲတွေ အပြီး ပြန်လာချိန်မှာ ချယ်ဆီးက ဘုန်းမောက်ကို အဝေးကွင်း သွားရောက် ရင်ဆိုင်ဖို့ ရှိပြီး နိုင်ပွဲတွေ ပြန်လည် ရယူနိုင်ဖွယ် ရှိပါတယ်။