နိုင်ငံတကာ သီတင်းပတ်ကတော့ ပရီးမီးယားလိဂ် ကလပ်အသင်း တချို့ အတွက် ဒဏ်ရာ သတင်းတွေ ရှိလာနေပြီး အထူးသဖြင့် မန်စီးတီးရဲ့ အဓိက ဖလား ပြိုင်ဘက် လီဗာပူးနဲ့ အာဆင်နယ် အသင်းတို့မှာ ထိုးနှက်ချက်တွေ ဖြစ်နေပါတယ်။
လီဗာပူးအသင်းမှ ကွင်းလယ် ကစားသမား မက်ကယ်လစ္စတာနဲ့ ဟာဗေး အဲလီးယော့ တို့ဟာ ဒဏ်ရာ အသီးသီး ရှိနေပြီ ဖြစ်ပါတယ်။
ချီလီနဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ မတိုင်ခင်တည်းက မက်ကယ်လစ္စတာ ဒဏ်ရာရှိနေတာကြောင့် ပွဲကစားနိုင်ဖို့ မသေချာဘူးလို့ အာဂျင်တီးနားနည်းပြ စကာလိုနီက အသိပေးထားပါတယ်။
အာဂျင်တီးနားရဲ့ ချီလီကို ၃-၀ ဖြင့် ဂိုးပြတ် အနိုင်ရတဲ့ ခြေစစ်ပွဲမှာ လီဗာပူး ကွင်းလယ် မက်ကယ်လစ္စတာ ပါဝင် ကစားကာ သွင်းဂိုး ရယူနိုင်တဲ့ထိ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲအတွင်း ပြင်းပြင်းထန်ထန် ထိတွေ့မှုရှိခဲ့တာကြောင့် လူစားလဲခံခဲ့ရပါတယ်။
နောက်ထပ် လီဗာပူး ကွင်းလယ်လူ ဟာဗေး အဲလီးယော့ကလည်း အင်္ဂလန် ယူ-၂၁ အတွက် ရွေးချယ်ခံထားရပေမယ့် ဒဏ်ရာကြောင့် လူစာရင်းကနေ နှုတ်ထွက်ထားရပါတယ်။
အာဆင်နယ် အသင်းခေါင်းဆောင် မာတင် အိုဒီဂတ်ကလည်း နော်ဝေအသင်းနဲ့ အတူ ရှိစဉ် fitness နဲ့ ဒဏ်ရာ နောက်ဆက်တွဲ ပြဿနာ ရှိနေကြောင်း နော်ဝေ နည်းပြ ဆိုဘတ်ကန်က ထုတ်ဖော် ပြောဆိုထားပါတယ်။
အိုဒီဂတ် ဟာ ပြီးခဲ့တဲ့ သီတင်းပတ် ဘရိုက်တန်နဲ့ ပွဲတည်းက ခြေကျင်းဝတ်ကို ထိခိုက်မှု ရှိထားတာ ဖြစ်ပါတယ်။
ချန်ပီယံလုမယ့် ပြိုင်ဘက် အသင်းတွေ အခက်တွေ့နေချိန်မှာ မန်စီးတီးကတော့ အဓိက ကစားသမား တစ်ဦး ဖြစ်တဲ့ ဖိုဒန်ကို အဖျား ဝေဒနာ ရှိနေတာကြောင့် ဒီလထဲ အင်္ဂလန်အသင်းကနေ ရှောင်လွှဲထားနိုင်ခဲ့ပါတယ်။