ယူနိုက်တက် နည်းပြသစ် ရူဘန် အမ်မိုရင်းဟာ မနေ့က ကာရင်တန် လေ့ကျင့်ရေးသို့ ပထမဆုံး အကြိမ် ရောက်လာခဲ့ပြီး ထရိနင်မှာ ပြန်လည်ထူထောင်ရေး လေ့ကျင့်နေကြတဲ့ ယိုရို၊ မောင့်၊ မိုင်နူး အစရှိတဲ့ ကစားသမားတွေနဲ့ တွေ့ဆုံ နှုတ်ဆက်ခဲ့ပါတယ်။
ယူနိုက်တက် နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်ဟာ ဒီလထဲ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေ ကစားမယ့် အာဂျင်တီးနား အသင်းကနေ နှုတ်ထွက် လိုက်ရပါတယ်။
အကြောင်းကတော့ မာတီနက်ဇ်ဟာ ကလပ်အသင်းမှာတည်းက ရခဲ့တဲ့ ဒဏ်ရာကြောင့်လို့ သိရပြီး ၂၄ ရက်နေ့ အစ်ဝစ်ချ်နဲ့ ပွဲမှာ ပါဝင်နိုင်မလားလည်း မသေချာသေးပါဘူး။
နည်းပြသစ် အမ်မိုရင်း ရောက်လာပြီးတဲ့နောက် ယူနိုက်တက် တိုက်စစ်သမား မေဆန်မောင့် ဟာ အသင်းရဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်လာဖို့ ရှိနေကြောင်း အင်္ဂလန်သတင်းတွေက ဖော်ပြလာပါတယ်။
ဒီရာသီ ကြံ့ခိုင်မှု မပြည့်တာကြောင့် ရုန်းကန်နေရပေမယ့် မောင့်ဟာ ချယ်ဆီးမှာ 3-4-2-1 ကစားကွက်ထဲ ကောင်းစွာ အစွမ်းပြဖူးတာကြောင့် အမ်မိုရင်း ကစားကွက်နဲ့ ဆင်တူတာက ဒီတကြိမ် အကျိုး ရှိလာဖွယ် ရှိနေတာပါ။
ဒဏ်ရာကနေ သက်သာလာပြီး ဘောလုံးကွင်း မြက်ခင်းပြင်နဲ့ ၅၁၇ ရက်ကြာ ဝေးကွာနေခဲ့ရတဲ့ ယူနိုက်တက် အစွန်နောက်ခံလူ မာလာစီယာ ဟာ အင်္ဂါနေ့က ယူနိုက်တက် U21 အသင်းနဲ့ အတူ ဟက်ဒါဖီးအသင်းကို ရင်ဆိုင်တဲ့ EFL Trophy ပွဲမှာ ၄၅ မိနစ်ကြာ ပါဝင် ကစားခဲ့ပါတယ်။
မာလာစီယာဟာ ၂၀၂၂-၂၃ ဘောလုံးရာသီ ပြီးတည်းက ဒူး ခွဲစိတ်မှု ၂ ကြိမ် ခံယူခဲ့ရပြီး အကိုက်အခဲ ပျောက်ဆေးတွေနဲ့ လုံးပန်းနေခဲ့ရတာပါ။ အပေါ့စား လေ့ကျင့်ခန်းသာ လုပ်နိုင်ခဲ့တဲ့ မာလာစီယာ တစ်ယောက် အခုလို ပြန် ပါဝင် ကစားနိုင်တာက ကြီးမားတဲ့ တိုးတက်မှု ဖြစ်ပါတယ်။
စပို့တင်းမှ analyst သမား ရိုဆယ်လင်ဟို ကလည်း နည်းပြ အမ်မိုရင်းရဲ့ အဖွဲ့ထဲ လာရောက် ပူးပေါင်းမှာ ဖြစ်ပါတယ်။
လက်ထောက် နည်းပြတွေကတော့ အမ်မိုရင်းရဲ့ လက်ရှိ အစုအဖွဲ့ အတိုင်း Carlos Fernandes, Adélio Cândido နဲ့ Jorge Vital တို့ လိုက်ပါလာသလို sports scientists တွေ ဖြစ်တဲ့ Paulo Barreira နဲ့ Emanuel Ferro လည်း ပါဝင်လာကြပါတယ်။