မန်ယူနိုက်တက်ကို ရောက်တာနဲ့ နည်းပြ အမ်မိုရင်း ခေါ်ယူပေးဖို့ တောင်းဆိုထားတဲ့ ကစားသမား

အမ်မိုရင်း ဟာ ယူနိုက်တက် နည်းပြအဖြစ် စတင် ကိုင်တွယ်နေပြီဖြစ်ကာ သူ့ရဲ့ ပထမဆုံး ကစားသမား ခေါ်ယူမှု အဖြစ် ရချင်တဲ့ ကစားသမားကိုလည်း တောင်းဆိုမှု လုပ်ထားပြီလို့ သိရပါတယ်။

နည်းပြသစ် အမ်မိုရင်းက တနင်္လာနေ့ လေ့ကျင့်ရေးမှာတင် ၃-၄-၃ စနစ်ကို စတင် ပြောင်းလဲလိုက်ပါပြီ။ ဒီအပတ် တနင်္ဂနွေနေ့ အစ်ဝစ်ချ်ကွင်းထံ သွားကစားရမယ့်ပွဲကတော့ ယူနိုက်တက်နည်းပြ တာဝန်ကို အမ်မိုရင်း စတင်တာဝန်ယူမယ့် ပွဲစဉ်ဖြစ်ပါတယ်။

အမ်မိုရင်းက ခံစစ် ၃ ယောက်တန်းရဲ့ ဘယ်ခြမ်းမှာ လုရှောကို သုံးဖို့နဲ့ အထောင်တိုက်စစ်နေရာမှာ ရက်ဖိုဒ့်ကို ထားဖို့အတွက်လည်း လေ့ကျင့်ရေးကနေ ပြင်ဆင်နေပါတယ်။

ဒါပေမယ့် ဗဟိုခံစစ်မှူးသစ် တစ်ဦး ရလိုတဲ့ အမ်မိုရင်းက အနှေးနဲ့အမြန်အားဖြင့် စပို့တင်း ခံစစ်မှူး Ousmane Diomande ကို ခေါ်ယူပေးဖို့ ပုဂ္ဂိုလ်ရေး အရ တောင်းဆိုထားကြောင်း စကိုင်းစပေါ့က ဖော်ပြထားပါတယ်။

အသက် ၂၀ အရွယ် အိုင်ဗရီကိုစ့် ခံစစ်မှူးကို အာဆင်နယ်နဲ့ နယူးကာဆယ်တို့ကလည်း စိတ်ဝင်စားနေတာဖြစ်တယ်။ သူ့ကို ခေါ်ယူမယ်ဆိုရင် ပြောင်းရွှေ့ကြေး ပေါင် ၆၈ သန်းဝန်းကျင် ကုန်ကျပါလိမ့်မယ်။

ယူနိုက်တက် တာဝန်ရှိသူတွေဟာ အမ်မိုရင်းအတွက် ဗဟိုခံစစ်မှူး လိုအပ်ချက်ရှိမယ် နားလည်ထားတာကြောင့် အဲဗာတန်မှ ဘရိတ်ဝိတ်ကိုလည်း ပြန်လည် ချိန်ရွယ်မယ် သတင်းထွက်နေသေးတာ ဖြစ်ပါတယ်။