ပရီးမီးယားလိဂ် အခြားပြိုင်ဘက်တွေနဲ့ မတူဘဲ နွေမှာ ဝင်ငွေဖြောင့်ဦးမယ့် မန်စီးတီးနဲ့ ချယ်ဆီးအသင်း

လာမယ့် နွေမှာ မန်စီးတီးနဲ့ ချယ်ဆီးအသင်းတို့ဟာ များပြားတဲ့ ဘဏ္ဍာရေး အကျိုးအမြတ်သစ်ကို ရရှိသွားလိမ့်မယ်လို့ ဒေးလီးမေလ်းက ဖော်ပြပါတယ်။

ဖီဖာက နွေမှာ ပြိုင်ပွဲပုံစံသစ်ဖြင့် ပထမဆုံးအကြိမ် ကျင်းပမယ့် ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲကို မိတ်ဆက်သွားမှာပါ။

အဆိုပါ ပြိုင်ပွဲ ရုပ်သံထုတ်လွင့်ခွင့်ကိုလည်း DAZN က ဒေါ်လာ ၁ ဘီလျံဝန်းကျင်ဖြင့် ရယူထားပြီဖြစ်ပါတယ်။

ဖီဖာဘက်ကတော့ ဆုကြေး ခွဲဝေမှု ပုံစံမှာ ဥရောပအသင်းကြီးတွေကို အခြားသော တိုက်ကြီးက ချန်ပီယံတွေထက် ပိုမို ပေးရမယ်လို့လည်း အသံထွက်နေတာ ဖြစ်ပါတယ်။

အခုချိန်ထိ အပြီးသတ် ဆုံးဖြတ်ချက်တွေ မလုပ်ရသေးပေမယ့် အမေရိကန်မှာ ယှဉ်ပြိုင်မယ့် ကလပ်ကမ္ဘာ့ဖလားထံ ပါဝင်ယှဉ်ပြိုင်ခြင်းနဲ့အတူ အင်္ဂလန်ကလပ်တွေဖြစ်တဲ့ မန်စီးတီး၊ ချယ်ဆီးတို့ဟာ ပေါင် သန်း ၅၀-၆၀ နီးပါး အကျိုးအမြတ်ရဖွယ် ရှိနေပါတယ်။

တူညီတဲ့ ကာလမှာ အခြားသော ကလပ်တွေက ကမ္ဘာတစ်လွှား ရာသီကြို ပြင်ဆင်မှုတွေ ပြုလုပ်လေ့ရှိကြပေမယ့် မန်စီးတီးတို့ရမယ့် ပေါင် သန်း ၆၀ ရဲ့ ၁၀% ဖြစ်တဲ့ ပေါင် ၆ သန်း ဝန်းကျင်ပဲ ရလေ့ရှိတာပါ။

ဒါကြောင့် အင်္ဂလန်ထိပ်သီး ၂ သင်းဟာ အခြားသော ပြိုင်ဘက်တွေထက် ပိုပြီး ငွေသုံးနိုင်ခွင့် ပိုင်ဆိုင်လာနိုင်ပါတယ်။

ပရီးမီးယားလိဂ်ဟာ ၃ ရာသီအတွင်း ပေါင် သန်း ၁၀၀ ဝန်းကျင်ထက် အရှုံးပေါ်လို့ မရအောင် ကန့်သတ်ထားပြီ ဖြစ်လို့ ဒီဆုကြေးတွေက သက်ရောက်မှု ကြီးမားနိုင်ပါတယ်။