အာဆင်နယ် နည်းပြ အာတီတာကတော့ တိုက်စစ်မှူး ဆာကာဟာ တံကောက်ကြော ဒဏ်ရာကြောင့် သီတင်းပတ် များစွာ အနားယူရမှာဖြစ်ကြောင်း ထုတ်ပြောခဲ့ကာ အာဆင်နယ်ရဲ့ ဖလားမျှော်လင့်ချက်တွေ ထိခိုက်မှုရှိနေပြီလို့ အသိပေးလာပါတယ်။
ပြီးခဲ့တဲ့ရက် ခရစ္စတယ်ပဲလေစ့်ကို ၅-၁ ဖြင့် အနိုင်ရတဲ့ပွဲမှာ ဒဏ်ရာကြောင့် ဆာကာဟာ ပွဲအစောမှာတင် လူစားလဲခံခဲ့ရတယ်။
ထို ပွဲအပြီးမှာ နည်းပြ အာတီတာက ဆာကာကို စိတ်ပူပေမယ့် ဘယ်လောက်ကြာကြာ နားရမယ် မသိဘူးလို့ ဆိုခဲ့ပါတယ်။
ဒါပေမယ့် တနင်္လာနေ့ မီဒီယာတွေ့ဆုံမှုမှာတော့ ဆာကာ ဘယ်လောက် ကြာကြာ နားရမလဲ ဆိုတာ ကို ထပ်မံ အသိပေးလာတာ ဖြစ်ပါတယ်။
‘ ဆာကာရဲ့ အခြေအနေ မကောင်းပါဘူး။ သူ သီတင်းပတ်တွေ အများကြီး အနားယူရတော့မှာပါ။ ဆာကာ ကိုယ်တိုင်လည်း စိတ်မကောင်းဖြစ်နေပါတယ်။
သူက ဒဏ်ရာတွေ အများကြီး မရဖူးတော့ အတော်လေး ခံစားနေရပြီး ရက်အနည်းငယ် အချိန်ယူရပါမယ် ’ လို့ အာတီတာက ပြောဆို အသိပေးခဲ့ပါတယ်။
The Times ရဲ့ အဆိုအရတော့ ဆာကာဟာ ဒဏ်ရာကြောင့် သီတင်းပတ် ၄-၆ ပတ် ဝန်းကျင် နားရမယ်လို့ ဆိုပါတယ်။ သူ အစောဆုံး ပြန်ကစားနိုင်မယ့် အချိန်က ဖေဖော်ဝါရီလ အစောပိုင်းပဲဖြစ်ပါတယ်။
ဒါကြောင့် ဆာကာဟာ စပါး၊ မန်စီးတီးတို့ကို ရင်ဆိုင်ကစားမယ့် ပရီးမီးယားလိဂ် အိမ်ကွင်းပွဲ၊ အက်ဖ်အေ ဖလား၊ ချန်ပီယံလိဂ် ၂ ပွဲအပြင် နယူးကာဆယ်နဲ့ ကာရာဘောင်းဖလား ပွဲတွေကိုပါ လွဲချော်သွားမှာ ဖြစ်ပါတယ်။