ဒီရာသီ ချယ်ဆီး ခံစစ်မှာ အကောင်းဆုံး ကစားသမားကို ရာသီကုန်ထိ လက်လွှတ်ရဖွယ် ရှိသွားပြန်ပါပြီ

ချယ်ဆီးနည်းပြ အန်ဇို မာရက်စ်ကာ ကတော့ နောက်ခံလူ ဝက်စ်လေ ဖိုဖာနာရဲ့ တံကောက်ကြော ဒဏ်ရာ က ရာသီကုန်ထိတောင် အနားယူရဖွယ် ရှိကြောင်း အသိပေး ပြောဆိုလာပါတယ်။

ပြီးခဲ့တဲ့ တစ်ရာသီလုံးလည်း ဒဏ်ရာကြောင့် လွဲချော်ခဲ့ရတဲ့ ဖိုဖာနာ ဟာ ဒီရာသီမှာတော့ ချယ်ဆီးရဲ့ အကောင်းဆုံး ခံစစ်မှုး တစ်ဦး အဖြစ် တောက်ပလာပေမယ့် အခုလို ထပ်မံ ကံဆိုးခဲ့ပြန်တာ ဖြစ်ပါတယ်။

ဖိုဖာနာက ဒီဇင်ဘာ လ အစပိုင်း အက်စတွန်ဗီလာနဲ့ ပွဲမှာ နာသွားခဲ့တာ ဖြစ်ပြီး အစောပိုင်းမှာ ပြင်သစ်သားက တစ်လလောက်သာ နားရမယ် ထင်ခဲ့ကြတာပါ။

ဒီတပတ် ပဲလေ့စ်နဲ့ ပွဲမတိုင်ခင် ပွဲကြို အင်တာဗျူးမှာ ဖိုဖာနာ အခြေအနေကို နည်းပြ မာရက်စ်ကာက အသိပေးခဲ့တာ ဖြစ်ပါတယ်။

” ကံမကောင်းစွာပဲ ဝက်စ် (ဖိုဖာနာ)က အချိန် အတော်ကြာ အနားယူရပြန်ပါဦးမယ်။ သူ့ ဒဏ်ရာက ခွဲစိတ်ဖို့တော့ မလိုသေးပါဘူး.. အခုလောလောဆယ်ပေါ့။ သူက ရာသီကုန်တဲ့ထိကို နားသွားရနိုင်ပါတယ်။

ဘယ်အချိန်လောက်မှာ သူ ပြန်ကစားနိုင်မလဲ ကျွန်တော်တို့ အတိအကျ မပြောနိုင်ဘူး ဖြစ်နေတယ်။ အစောပိုင်းတုန်းက သူ့ကို ခဏလောက် အနားပေးရမယ်ပဲ ထင်ခဲ့တာ။

ဒါပေမယ့် အစောပိုင်း ထင်ထားတာထက် အတော် ဆိုးနေမှန်း သိလိုက်ရတယ်။ တံကောက်ကြော ဒဏ်ရာပါ။ ဒီတော့ သူ့ကို အတော်ကြာ လက်လွှတ်ထားရပါဦးမယ်။ ” လို့ အီတလီသား နည်းပြကြီးက ဆိုခဲ့တာ ဖြစ်ပါတယ်။

ဖိုဖာနာဟာ ဒဏ်ရာတွေနဲ့ အတော် ရုန်းကန်ရသူ ဖြစ်ပြီး ၂၀၂၂ လက်စတာကနေ ပေါင် သန်း ၇ဝ နဲ့ ပြောင်းရွှေ့လာတည်းက စလို့ ကလပ် နဲ့ နိုင်ငံ အသင်း အတွက် ၈၆ ပွဲ ထိ မကစားနိုင်ဘဲ လွဲချော်ထားပါတယ်။