အာဆင်နယ် အသင်းဟာ နယူးကာဆယ် ကြယ်ပွင့် တိုက်စစ်မှုး အလက်ဇန်းဒါး အီဆက်ကို အလိုရှိပေမယ့် ခေါ်ယူနိုင်ဖွယ် မရှိသေးဘူးလို့ သိရပါတယ်။
အီဆက်ကို ဂန်းနားတို့ အလိုရှိ ချိန်ရွယ်နေတာ အတော်ကြာခဲ့ပြီ ဖြစ်ပေမယ့် ခေါ်ယူနိုင်တဲ့ အထိ မဖြစ်မြောက် လာသေးပါဘူး။ လတ်တလော ကိစ္စကတော့ ကစားသမားကို ခေါ်ယူရေး အသုံးစရိတ် မရှိတာလို့ အင်္ဂလန် သတင်းတွေက ဖော်ပြလာပါတယ်။
အာဆင်နယ်ဟာ အီဆက်ကို ခေါ်ယူမယ်ဆိုရင် နယူးကာဆယ်ဘက်က ဗြိတိန် စံချိန်တင်ကြေး တောင်းဆိုမှာမို့ မတတ်နိုင်ဖြစ်နေတာပါ။ အသင်း ပိုင်ရှင် စတန် ခရွန်ကီကလည်း ဒီ အပြောင်းအရွှေ့ကို အတည်ပြုဖို့ အတော်ကြီး သဘောမကျဘူးလို့ သိရပါတယ်။
ဒီနှစ်တွေအတွင်း အာတီတာအတွက် များပြားတဲ့ အသုံးစရိတ်တွေကို ထုတ်ထားပေးပြီးဖြစ်လို့ လူသစ် ခေါ်ယူလိုရင် လက်ရှိ ကစားသမားတွေထဲက အချို့ကို ရှင်းထုတ်ပြီး အသုံးစရိတ် ဖော်ဆောင်ရေးကိုသာ အာဆင်နယ်ဘက်က ပိုမို အာရုံစိုက်လိုပါတယ်။
ဂန်းနားတွေဟာ တိုက်စစ်မှုး ဂျေးဆု ကို ရာသီကုန်၊ ဇင်ချန်ကို ကို လက်ရှိ ဆောင်းဈေးကွက်မှာ ကမ်းလှမ်းမှုတွေ နားစွင့် သွားဖို့ ရှိနေပါတယ်။ ရာသီကုန်ရင် သောမတ်စ် ပါတေးရဲ့ ပေါင် ၁သိန်းခွဲ လစာကိုလည်း ဝန်လျှော့ဖို့ ၎င်းတို့က ရည်ရွယ်ထားပါတယ်။
အာဆင်နယ်ဟာ ပရီးမီးယားလိဂ် အကျိုးအမြတ် PSR စည်းမျဉ်းကိုတော့ စိတ်ပူစရာ မလိုသေးဘဲ ဘောင်အတွင်း ကိုက်ညီနေသေးပြီး အီဆက်ကို ခေါ်ယူရေးဟာ ကစားသမားတွေ ရှင်းထုတ် ရောင်းချမှု ပြီးစီးမှ စဉ်းစားလာဖွယ် ရှိပါတယ်။