ဆန်းဒါးလန်းအသင်းနဲ့ အတူ တောက်ပလာတဲ့ ကွင်းလယ် ကစားသမား ဂျို့ဒ် ဘယ်လင်ဟမ်ကို ခေါ်ယူလိုတဲ့ ကလပ် အသင်းတွေထဲမှာ မန်ချက်စတာ ယူနိုက်တက်လည်း ပါဝင်လာပါတယ်။
ဖီအိုရင်တီးနား အသင်းရဲ့ တိုက်စစ်မှုး မွိုက်စ် ကိန်း ကို ပရီးမီးယားလိဂ် ကလပ် အတော် များများက စိတ်ဝင်စားနေပြီး အာဆင်နယ်၊ ဝက်စ်ဟမ်းနဲ့ နယူးကာဆယ် အသင်းတို့က ဆက်သွယ် မေးမြန်းထားပြီ လို့ အီတလီ သတင်းတွေက ဖော်ပြလာပါတယ်။
စာချုပ် ဖျက်သိမ်းကြေး ယူရို ၅၂ သန်း ရှိတဲ့ အီတလီသား တိုက်စစ်မှုးဟာ ဒီရာသီ လိဂ်ပွဲ ၂၆ ပွဲမှာ ၁၅ ဂိုးထိ သွင်းထားပြီး အထင်ကြီးဖွယ် စွမ်းဆောင်ပြထားပါတယ်။
ဂျူဗင်တပ်အသင်းမှ တူရကီသား တောင်ပံ ကစားသမား Kenan Yildiz ကို မန်ချက်စတာ ယူနိုက်တက်၊ မန်စီးတီး၊ လီဗာပူးနဲ့ အာဆင်နယ် အသင်းတို့ က အပြိုင် စိတ်ဝင်စားနေကြပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းဟာ ဝါရင့် ကွင်းလယ်လူ လူကာ မိုဒရစ်ကို ၂၀၂၆ ထိ စာချုပ် သက်တမ်းတိုးဖို့ စီစဉ်နေပါတယ်။
ချယ်ဆီးအသင်းဟာ စပို့တင်း လစ္စဘွန်း ကြယ်ပွင့်တွေ ဖြစ်တဲ့ Geovany Quenda နဲ့ Dario Essugo တို့ကို ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ကြောင်း တရားဝင် ကြေညာသွားပါတယ်။ ချယ်ဆီးဟာ Quenda အတွက် ယူရို ၅၂.၁ သန်း၊ Essugo အတွက် ယူရို ၂၂.၂ သန်း သုံးခဲ့ရပါတယ်။
လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်နေတဲ့ ပြင်သစ် ကွင်းလယ် ကစားသမား ပေါလ် ပေါ့ဘာကို ခေါ်ယူရေး စဉ်းစားသင့်ကြောင်း မာဆေး အသင်းအား မာဆေး ဂန္တဝင် ခရစ် ဝါဒယ်က တိုက်တွန်းလိုက်ပါတယ်။ နေရောင်ခြည်နဲ့ ပူနွေးတဲ့ ရာသီ ဥတု ရှိတဲ့ နေရာမှာ ပေါ့ဘာ ပို ခြေစွမ်းပြနိုင်မယ် လို့ ၎င်းက ယုံကြည်နေပါတယ်။
ရီးရဲလ်ဘက်တစ်မှာ အငှား ကစားရင်း ခြေစွမ်းပြလာနိုင်တဲ့ တိုက်စစ်သမား အန်တိုနီဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ အနာဂတ် ကိစ္စ ဆွေးနွေးသွားမယ် လို့ သိရပါတယ်။